တောင်ယာစပါးမှည့်ပြီ

တောင်ယာလုပ်ငန်း

တောင်ယာလုပ်ငန်းသည် လေးတူချင်းလူမျိုးများနှင့် မည်ကဲ့သို့မှ ခွဲထား၍ မရသော လုပ်ငန်းတစ်ခုဖြစ် သည်။ ဤလုပ်ငန်းသည် လေးတူချင်းအသိုင်းအဝိုင်းအတွက် တကယ်အရေးကြီးသော လုပ်ငန်းတစ်ခု လည်းဖြစ်ပါသည်။ လေးတူချင်းလူမျိုးများသည် တောင်ကုန်းအောက်ပိုင်း တောင်စောင်းများတွင် ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်ရန် သင့်လျော်သည့်နေရာများကို ခွဲခြားသတ်မှတ်ပြီးမြေကွက်များ ခွဲဝေ ကြသည်။


 

 

ထို့နောက် သူတို့သည် သတ်မှတ်ထားသော နေရာမှ ဝါးများကို ပြာသိုလမှ တပို့တွဲလတိုင်အောင် ခုတ်ကြ ပြီး တပေါင်းလမှ တန်းခူးလတိုင်အောင် ဝါးများကို  ခြောက်အောင်  လှန်းကြ သည်။ ထို့နောက် ကဆုန်လ ဆန်းတွင် တောင်ယာမီးရှို့လုပ်ငန်းကို စတင်ကြပါသည်။ တောင်ယာများကို မီးရှို့ပြီးနောက် မလောင် ကျွမ်းနိုင်ဘဲ ကျန်နေခဲ့သော ထင်းများ၊ဝါးများကို သန့်ရှင်းရေး လုပ်ကြရသည်။ မလောင်ကျွမ်းနိုင်ဘဲ ကျန်ခဲ့သော ထင်းများနှင့်ဝါးများကို  ရှင်းလင်းကြပြီနောက်၊ စပါးမျိုးစေ့၊ ဟင်းသီးဟင်းရွက်မျိုးစေ့များကို ကောက်ထိုးမည့်အချိန်တွင် အနားယူမည့် တဲကလေးကို အဆင်သင့်ဆောက်လုပ်ကြသည်။ ထိုကဲ့သို့ နားနေရန် တဲကလေးကို ဆောက်လုပ်ပြီးနောက်၊ ကောက်ထိုးလုပ်ငန်းကို စတင်လုပ်ဆောင်ကြပါသည်။ ကဆုန်လပြည့်လွန်လျှင် ကောက်ထိုးလုပ်ငန်း အလုပ်သည် ပြီးဆုံးပြီဖြစ်သည်။

အကယ်၍ ထိုလတွင် ကောက်ထိုးလုပ်ငန်းကို မပြီးစီးနိုင်ပါက ပေါက်ရောက်ကြသော ပျိုးပင်တို့သည် ကောင်းစွာ မပေါက်ကြတော့ပေ။ အပင်ပေါက်လေးများသည် အပင်လှီပြီးပေါက်လာကြသည်။ နယုန်လ ရောက် လျှင် တောင်ယာမှ စပါးပင်ကလေးများ၏ အရွက်များသည် မက္ကလာအမိုးကဲ့သို့ ဖြစ်လာကြသည်။ ထိုအချိန်တွင် စပါးပင်နှင့်အတူပေါက်ရောက်ကြသော ပေါင်း ပင်များကို ရှင်းလင်းကြရသည်။

 

နယုန်လတွင်တောင်ယာစပါးခင်း၌စပါးနှင့်အတူရှင်သန်ပေါက် ရောက်လျှက်ရှိသော ပေါင်းမြက်များကို ပြီးစီးအောင် ရှင်းလင်းကြရသည်။ ပေါင်းဆိုသည်မှာ ခုတ်ထင်ရှင်းလင်းခဲ့သော ဝါးခြေရင်းမှထွက်လာသော  ဝါးပင်ကလေးများဖြစ်ပြီး၊မြက်ဆိုသည်မှာ  မြက်စေ့အမျိုးမျိုးမှ ပေါက်ရောက်ကြသော မြက်ပင်ငယ် လေး များ ဖြစ်ကြသည်။ ဝါဆိုလပြည့်လွန်လျှင် စပါးများဖူးပွင့်လာကြသဖြင့် ငှက်များကို စောင့်ရန်တဲကိုလည်း ဆောက်လုပ်ကြရသည်။ ထို့နောက် ကျေးငှက်များကို ခြောက်လှန့်ရန် ဝါးလက်ခုပ်ရှည်များကို ပြင်ဆင်ကြ ရသည်။ ဝါးလက်ခုပ်ရှည်ထောင်ထားသော နေရာမှကြိုးများကို တွယ်တန်းပြီး တဲထိရောက်အောင် ချိတ် ဆွဲကြရသည်။ စပါးခင်းစောင့်သောသူသည် စပါးများဖူးပွင့်သည့်အချိန်မှ စပါးရိပ်သိမ်းချိန် ကာလအထိ စောင့်ရသည်။

ဝါခေါင်လတွင် စပါးသီးများသည် အဝါရောင်သန်းလာကြသည်။ ထိုအချိန်တွင် အဝါရောင်သမ်းသော စပါး နှံများကို ခုတ်ဆွတ်ကာစားသောက်၍ရပါသည်။ ထို့ကြောင့် ဤလကို “မလောက်မင”  လဟု ဆိုရိုး စကား ရှိလာခဲ့သည်။ တော်သလင်းလ‌ရောက်သောအခါ စပါးများကို ရိတ်သိမ်းခြွေလှဲ့ကာ စပါးကျီများတွင် သိမ်းဆည်းကြရသည်။

ဤသို့ဖြင့် လေးတူချင်းလူမျိုးတို့သည် တစ်နှစ်တာ တောင်ယာလုပ်ငန်းကို ပြီးဆုံးကြသည်။

 

 

Ki la Vok a Coq

ကျားနှင့်ဝက် ကြယ်ရေတွက်ပွဲ

ဟိုရှေးရှေးတုန်းက ကျားနှင့်ဝက်သည် အဆွေခင်ပွန်းဖွဲ့ကာ အတူနေထိုင်ကြသတဲ့ကွယ်။ သူတို့နှစ်ကောင်ဟာ ချစ်ချစ်ခင်ခင်နေကြသတဲ့။ တစ်နေ့မှာ ကျားကဝက်ကိုကောင်းကင်ပေါ်မှာ ရှိတဲ့ ကြယ်ကိုရေတွက်ကြရအောင်ဆိုပြီးတော့ ပြောလိုက်သတဲ့။ အဲဒီလို ကျားပြောတဲ့ဟာကို ဝက်ကလည်း ရတာပေါ့လို့ ပြန်ပြောလိုက်သတဲ့။ 

 

ဒါနဲ့ကျားက ကြယ်ရေတွက်ပွဲမှာ ရှုံးတဲ့သူက အစားခံရမယ်လို့ သစ္စာဂတိထားကြသတဲ့ကွယ်။ အဘယ်ကြောင့် အဆွေကျားက ထိုကဲ့သို့ပြောသည်ကို သေသေချာချာမစဉ်းစားပဲ လက်ခံလိုက်သတဲ့။ ဒါနဲ့ကျားက ဝက်ကို," အဆွေဝက် သင်က ညဘက်မှာ ကြယ်တွေကို ရေတွက်မယ်။ ငါကတော့ မနက်မိုးလင်းပိုင်းမှာရေတွက်မယ်လို့” ပြောလိုက်ပြန်တော့လည်း ဘာမှမစဉ်းစားပဲ ရတာပေါ့ ကိုဆွေကျားရယ်လို့ ပြန်ပြောလိုက်ပြန်သတဲ့။

အဲဒီလိုပြောပြီးတာနဲ့ ကျားက ဝက်ကိုသင်က ညနေမှစ၍ သန်းခေါင်ယံအထိ ကြယ်တွေကို ရေတွက်ရမယ်။ ငါကတော့ သန်းခေါင်ယံအချိန်ကနေ မိုးလင်းသည့်တိုင်အောင် ရေတွက်မယ်လို့ ပြန်ပြောတယ်တဲ့။ ဒါနဲ့ ညနေစောင်းအချိန် ကြယ်တွေစပေါ်လာတဲ့အချိန်ကနေ ကိုဆွေဝက်က စပြီးတော့ ရေတွက်သတဲ့။ ကြယ်တွေဟာ ညနေမိုးချုပ်စမှာတော့ နည်းနည်းသာထွက်ပေါ်ကြပေမယ့် ညနက်လေ ပိုပြီးတော့ ထွက်ပေါ်လာလေ ဖြစ်သတဲ့ကွယ်။ အဲဒါကြောင့် အဆွေဝက်က ကြယ်တွေကို ကုန်အောင် မရေတွက်နိုင်ခဲ့သတဲ့။ 

သန်းခေါင်ယံကျော်ချိန်ရောက်တာနဲ့ ကိုဆွေကျားက ကောင်းကင်ပေါ်ကို မော့ကြည့်ပြီးတော့ ကြယ်တွေစုဝဲလျှက်ရှိတဲ့ ကြယ်တန်းကြီးတစ်ခုလုံးကို ရေတွက်လိုက်သတဲ့။ ကြယ်တွေကတော့ မနက်မိုးလင်းလာလေ ကြယ်တွေက တဖြည်းဖြည်းနည်းလာပြီး ပျောက်ကွယ်သွားကြသတဲ့။ နောက်ဆုံးတော့ ကိုဆွေကျားက နောက်ဆုံးထွက်တဲ့ မိုးသောက်ကြယ်ကို ပြကာ ငါကြယ်အားလုံးကိုရေတွက်နိုင်တယ်လို့ ကိုဆွေဝက်ကို ပြလိုက်သတဲ့ကွယ်။  

အဲဒါနဲ့ကိုဆွေကျားက ကိုဆွေဝက်ကို ငါတို့နှစ်ယောက် ရှေးက သစ္စာဂတိထားခဲ့တဲ့အတိုင်း ခင်ဗျားဟာ ကြယ်ရေတွက်ပွဲမှာ ရှုံးတဲ့အတွက် ခင်ဗျားကို ငါကိုက်စားရမယ်လို့ ပြောရင် တစ်ခါတည်း ကိုဆွေကျားက ကိုဆွေဝက်ကို ကိုက်သတ်လိုက်သတဲ့။ အဲဒါကြောင့် ဒီနေ့ထိတိုင် ကျားတွေက ဝက်တွေကိုမြင်တိုင်း ကိုက်ဖြတ်စားသောက်ကြသတဲ့။

 

ဥတုသုံးပါး

ဥတုသုံးပါး

မြန်မာဖတ်စာအုပ်တွင် ဥတုသုံးပါးရှိသည်ဟု သင်ခဲ့ရသော်လည်း လေးတူလူမျိုးများသည် နှစ်တစ်နှစ်တွင် ဥတုသုံးပါးရှိသည်ဖြစ်၍ ဆောင်းရာသီ၊နွေရာသီ၊မိုးရာသီဟု ရေတွက်ကြသည်။ ဥတုတစ်ခုစီသည် လေးလစီကြာမြင့်ပါသည်။

တန်ဆောင်မုန်းလ၊နတ်တော်လ၊ ပြာသိုလနှင့် တပို့တွဲလအထိ လေးလကို ဆောင်းဥတုဖြစ်ပါသည်။ ထိုဥတုတွင် နှင်းများကျကာ အလွန်ချမ်းအေးလှပါသည်။ လျှိုမြောင်များရှိ ရေတို့သည်လည်း အလွန် အေးမြကြည်လင်ကာ လျှိုမြောင်တို့တွင်လည်း ကျောက်ဖားများအလွန်ပေါများကြသည်။  ပင်ယံထက် တို့မှာလည်း သဇင်ပန်းများ ဝေဝေဆာဆာ စီစီရီရီဖူးပွင့်နေကြပါသည်။ ထိုဥတု၌ တောင်သူတို့သည် တောင်ယာများကို စတင်ခုတ်ကြပါသည်။ မိုးကောင်းကင်မှာလည်း ကြည်လင်ကာ တောတောင် ရေမြေ တို့မှာလည်း စိမ်းလန်းစိုပြေလျှက်ရှိကြပါသည်။ မြောက်လေအေးတိုက်ခတ်၍ အလွန်ချမ်း အေးလှပါ သည်။  

တပေါင်းလ၊ တန်ခူးလ၊ ကဆုန်လ နှင့် နယုန်လအထိ လေးလကို နွေဥတုဖြစ်ပါသည်။ ထိုဥတု၏ တပေါင်းလတွင် နွယ်နီနတ်ပန်းများလည်း ပွင့်လန်းကြပါသည်။ ရေမြေတောတောင်တစ်ခွင်၌လည်း မြူများဆိုင်းနေကြသောကြောင့်  အလွန်ပူပြင်းလှပါသည်။ တန်ခူးလရောက်သည်နှင့် တောင်သူများသည် တောင်ယာမီးရှို့ကြပါသည်။ ရေမြေတောတောင်အနှံ့ရှိ ပေါက်ရောက်နေကြသော သစ်ပင်၊ဝါးပင်တို့မှ ရွက်ဟောင်းများ ကြွေကြကာ ရွက်သစ်များ ထွက်လာကြပါသည်။ မြစ်ချောင်း၊အင်းအိုင်တို့၌လည်း ရေခမ်းခြောက်ကုန်၍ ရေခမ်းငါးများ ပေါလာကြ၏။ ကာလသားတို့သည် တောထမင်း၊တောဟင်း စားကြရန် လျှိုမြောင်များကို သွားကြပါသည်။ ဤဥတုတွင် ကောင်းကင်တစ်ခွင်၌ တိမ်များ ထူထဲလာသည်။ ထိုကြောင့် တိမ်များထူထဲမှုကို ကြည့်ကာ ကဆုန်လတွင် မိုးစတင်ရွာလာတော့မည့် အခြေအနေကို ဖော်ဆောင်ပေးနေသည်ဟု မှတ်ချက်ချ၍ ပြောဆိုခြင်းဖြစ်သည်။ ဤအချိန်တွင် ပိုးကောင်ဘောက်ဖက်များ ပေါက်ဖွားလာကြပါသည်။ ပုစဉ်းရင်ကွဲများလည်း နေရာအနှံ့တွင် အလွန် အော်မြည်ကြပါသည်။ 

နယုန်လ၊ဝါဆိုလ၊ဝါခေါင်လနှင့်တော်သလင်းလအထိ လေးလသည် မိုးဥတုဖြစ်ပါသည်။ ဤဥတုတွင် လေပြင်းများတိုက်ခတ်၍ မိုးများသဲသဲမဲမဲရွာသွန်းပါသည်။ မြစ်ချောင်းများတွင်လည်း လှိုင်းထန်ပါသည်။ မိခင်မြေကြီးပေါ်တွင် ပေါက်ရောက်ကြသော သစ်ပင်၊ဝါးပင်တို့မှာလည်း အဖေမိုးရွာသွန်း  လာသော ကြောင့် အလွန်ပျော်မြူးကြသည်။ ဤအချိန်တွင် တောတောင်များသည် အလွန်လှပါကြပြီး စားစရာ ဟင်းသီးဟင်းရွက်များမှာလည်း စားမကုန်အောင် အလွန်ပေါများလှပါသည်။

ချောင်းမြောင်းများမှာလည်း ငါးများအလွန်တရာ ပေါများလှပါသည်။ တောင်ယာစပါးရိပ်သိမ်းသူများမှာ လည်း အဦးသီးသော သစ်သီးဝလံများကို ကောက်သစ်စားပွဲတွင် ဖန်ဆင်းရှင်ဘုရားအား တင်လှူ ပူဇော် ကြကာ ပျော်ရွှင်စွာဖြင့် စားသောက်ကြပါသည်။ ဤသို့ဖြင့် လေးတူချင်းလူမျိုးများသည် နှစ်တစ်နှစ်ကို ပြီးဆုံးကြပါသည်။

ဝေငှပါ

သင့်တိုက်တွန်းအားပေးခြင်းသည် ကျွန်တော်တို့အတွက် တန်ဖိုးရှိပါသည်။

သင့်ဇာတ်လမ်းများသည် ဤကဲ့သို့သော ဝဘ်ဆိုက်များကို ဖြစ်နိုင်စေရန် ကူညီပေးပါသည်။